၁။ ဆုံးဖြတ်ချက်ချပေးနိုင်မယ့်သူတွေနဲ့ တွေ့ဆုံပါ (Meet with decision makers)
အရောင်းသမားတွေရဲ့ အမှားအယွင်းတွေထဲက တစ်ခုကတာ့ တွေ့ရာလူကို ရောင်းဖို့ ကြိုးစားခြင်းပါပဲ။ ဘယ်အဖွဲ့အစည်းမှာမဆို ဆုံးဖြတ်ချက် ချသူတွေရှိပါတယ်။ သူတို့ကို ချဉ်းကပ်မှပဲ ကိုယ်ပြောချင်တဲ့စကားပေါက်ရောက်မယ်။ အဆင်ပြေနိုင်ပါမယ်။ မဟုတ်ဘဲ လူတိုင်းကို လိုက်ပြောနေရုံနဲ့တော့ မရနိုင်ဘူး။ လူပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒီတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာကိုသိအောင်လုပ်ပြီး ချဉ်းကပ်ပါ။
၂။ ဆက်ဆံရေးတည်ဆောက်ပါ။ (Build a relationship)
လူတွေက ပစ္စည်းဝယ်တာမဟုတ်ဘူး။ ယုံကြည်မှုတွေ ဝယ်ယူကြတာပါ။ သူတို့ကိုရောင်းချနေတဲ့သူကို မယုံသ၍ ဝယ်သူတွေက ဝယ်ယူမှာမဟုတ်ဘူး။ ဒီတော့ စတွေ့တာနဲ့ ထိုးရောင်းမယ့်အစား ဝယ်သူနဲ့ကိုယ်နဲ့ံကြားမှာ ရင်းနှီးမှုနဲ့ ယုံကြည်မှုအပေါ်အခြေခံတဲ့ ဆက်ဆံရေးကို အလျင်ဦးဆုံး တည်ဆောက်ပါ။
၃။ ဘာလိုအပ်တာလဲဆိုတာကို သိဖို့အတွက် အသေအချာ ကြိုးစားပါ။ Investigate their needs)
အရောင်းသမားတွေရဲ့ အကြီးမားဆုံးအမှားကတော့ ရောင်းတဲ့သူဖြစ်လာတဲ့အခါ ဝယ်သူတစ်ယောက်ရဲ့ခံစားချက်ကိုမေ့သွားတာပါပဲ။ ဝယ်သူတစ်ယောက်ဘာလိုချင်လဲ။ ဘယ်လိုတွေးလဲဆိုတာကို မေ့သွားပြီး ကိုယ့်မှာရှိတာကိုပဲ အတင်းကာရောထိုးရောင်းဖို့ ကြိုးစားကြတယ်။ စဉ်းစားကြည့်ပါ။ ကိုယ်က ကွန်ပျူတာတစ်လုံးသွားဝယ်တယ်။ ကိုယ် ဘယ်နေရာမှာသုံးမှာလဲ၊ ဘယ်လိုမျိုးကိုလိုချင်တာလဲဆိုတာကို မမေးဘဲ သူ့မှာရှိတာတွေပြောပြီး ကောင်းပါတယ်ဆိုပြီး အတင်းဝယ်ခိုင်းနေတဲ့သူဆီက ကိုယ်ဝယ်ချင်ပါ့မလား။ ဒီတော့ သူလိုအပ်တာကို သိနိုင်ဖို့ဆိုရင် မေးခွန်းတွေမေးမှဖြစ်မယ်။ မေးခွန်းများများမေးလေလေ သူဘာလိုချင်တာလဲဆိုတာ သူ့ကိုယ်သူသိလာဖို့နဲ့ ကိုယ့်ပစ္စည်းကိုရောင်းချဖို့အတွက် ပိုအခွင့်အလမ်းများလာလေပါပဲ။ သတိထားဖို့က ကာစတာမာတွေက ကိုယ့်ပစ္စည်းအကြောင်း သိချင်တာမဟုတ်ဘူး။ သူတို့ကို ဒီပစ္စည်းက ဘယ်လိုအကျိုးရှိစေမယ်ဆိုတာကိုပဲ သိချင်တာ။
၄။ အသေအချာ ပြင်ဆင်စကားပြောပါ။ (Be Prepared)
ကိုယ့်ကို တစ်ခုခုလာရောင်းတယ်ဆိုပါတော့။ လာရောင်းတဲ့သူက ဘာမှမပြင်မဆင် သူ့ထုတ်ကုန်အကြောင်းပဲပြောသွားပြီ ဝယ်ဖို့တဖွဖွပြောတာနဲ့ လာရောင်းတဲ့သူက Powerpoint တွေ Graph တွေ သုံးပြီး ဘယ်လိုအဆင်ပြေနိုင်မယ်၊ ဘယ်နေရာမှာဘယ်လိုအသုံးပြုနိုင်မယ်၊ ဘာကြောင့်ကောင်းကျိုးရှိမယ်ဆိုတာတွေကိုပြောတာ ဘယ်ဟာက ကိုယ့်အတွက်ပိုပြီးအထင်ကြီးစရာကောင်းပါသလဲ။ ဒီအတိုင်းပဲ ကိုယ်ရောင်းတဲ့အခါမှာလည်း အသေအချာပြင်ဆင်ပြီး ပြောဆိုတင်ပြတတ်ဖို့အရေးကြီးပါတယ်။ အနည်းဆုံးတော့ Powerpoint ကို ကောင်းကောင်းမွန်မွန်ပြင်ဆင်တတ်ပြီး ကိုယ်နှုတ်အမူအရာတွေနဲ့ စကားပြောတတ်ရပါမယ်။ ကိုယ့်ရဲဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ စနစ်တကျအချိန်ယူပြင်ဆင်ထားရပါမယ်။
၅။ သံသယတွေကို ရှင်းလင်းပေးပါ။ (Clarify their doubts)
ဝယ်ယူသူတွေဟာ သူတို့နေရာကနေ ဝင်စဉ်းစားပေးတာမျိုးကို အရမ်းသဘောကျပါတယ်။ သူတို့နေရာက ဝင်စဉ်းစားပေးရင် သူတို့ရဲ့ ပြဿနာတွေနဲ့ စိုးရိမ်မှုတွေကို ပိုနားလည်နိုင်ပါလိမ့်မယ်။ ဘာတွေက သူတို့ကို တားဆီးနေတာလဲ။ ဘယ်လိုအခက်အခဲမျိုး သူတို့ဘက်မှာရှိနေလဲ။ ဘယ်လိုသံသယမျိုးရှိနေတာလဲ။ အဲဒါကို ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာ ပြသမလဲဆိုတာတွေက အရောင်းတစ်ခုဖြစ်ဖို့အတွက် အရေးကြီးပါတယ်။ ကိုယ့်ကို “NO” လို့ငြင်းဆန်တာက ကိုယ့်ကိုမုန်းတီးလို့မဟုတ်ပါဘူး။ သူ့ဆီမှာ စိုးရိမ်နေတာတစ်ခုခုရှိနေလို့ပါ။ အခက်အခဲရှိနေလို့ပါ။ အဲဒါကို ဖြေရှင်းပေးမယ်ဆိုရင် “NO” က “YES”ဖြစ်သွားပါလိမ့်မယ်။
၆။ “NO” တွေအတွက် အားမလျှော့ပါနဲ့။ (Be expected and prepared for objections)
အရောင်းသမားတွေကို လေ့လာချက်တစ်ခုမှာ ရောင်းအားအကောင်းဆုံး အရောင်းသမားတွေဆိုတာ အတော်ဆုံးစကားပြောတတ်သူတွေ၊ ဉာဏ်အကောင်းဆုံးလူတွေမဟုတ်ဘဲ "NO" လို့ခေါ်တဲ့ ငြင်းဆန်မှုတွေ အများဆုံးစုဆောင်းတတ်သူတွေတဲ့။ သဘောကတော့ NO ဘယ်လောက်ရရ ဘယ်လောက်ပဲ သူတို့ပစ္စည်းကို မယူဘူး ငြင်းခံရရ လက်မလျှော့ဘူး၊ စိတ်ဓာတ်မကျဘူး။ ထပ်ကြိုးစားမယ် နောက် ထပ် ရောင်းမယ်ဆိုတဲ့သူတွေပါ။ “NO” သမားတွေ စိတ်ပြောင်းသွားစေဖို့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ ဖိတ်ခေါ်ပြီး ခဏဖြစ်ဖြစ် သုံးစွဲကြည့်စေတာပါပဲ။ ဒါဟာ Trial ပေးသုံးတဲ့ ဆော့ဖ်ဝဲလ်တွေနဲ့ပုံစံတူပါတယ်။ တကယ်ကောင်းနေတယ်ဆိုရင် တကယ်အဆင်ပြေနတယ်ဆိုရင် ပိုက်ဆံပေးဖို့အတွက် နောက်မတွန့်နေကြပါဘူး။
၇။ ဝယ်ယူသူဆီကနေ အဆက်အသွယ်တွေထပ်ယူပါ။ (Take more referrals)
ကိုယ့်ရဲ့ဝယ်ယူသူကို အကောင်းဆုံးဂရုစိုက်ပေးတာက ဝယ်ယူသူတွေအနေနဲ့ ကိုယ့်ပစ္စည်း ဝန်ဆောင်မှုအပေါ်မှာ သစ္စာရှိလာပြီး အကြိမ်ကြိမ်ပြန်လည်ဝယ်ယူစေပါတယ်။ နောက်ထပ် မမေ့သင့်တဲ့အရေးကြီးတာကတော့ နောက်ထပ် အလားအလာရှိတဲ့ကာစတာမာတွေကို ညွှန်းဆိုပေးဖို့ မေတ္တာရပ်ခံဖို့ပါ။ လူတွေက သတိမပေးရင် မေ့လွယ်ပါတယ်။ ဒီတော့ ကိုယ့်ပစ္စည်းကိုညွှန်းဆိုပေးဖို့ သတိပေးတာ၊ အလားအလာရှိတဲ့ဖြစ်နိုင်ခြေတွေကို တောင်းကြည့်တာက သိပ်ကြီးကြီးမားမားမဟုတ်ဘဲ ကိုယ့်ရဲ့ နယ်နမိတ်ကို ကျယ်ပြန့်လာစေပါတယ်။
Comentarios